အဲဒီနေ့ကတော့ ဒီရေလှိုင်းရဲ့ ဘ၀မှာ
မှတ်မှတ်ရရရှိနေတဲ့နေလေးပါ ။
ဒီရေလှိုင်းရဲ့ မွေးနေ့ ဖ်ြတဲ့ဇွန်လ(၁၂)ရက်နေ့လေ ။
မွေးနေ့လေးမှာ ဒီရေလှိုင်းက ရန်ကုန်ကနေ နယ်မြို့လေးကို ပြန်ခဲ့တယ်။
အဲဒီအချိန်က နယ်အဝေးပြေးကားတွေက ဆင်မလိုက်ယဉ်အဝေးပြေးစခန်းကနေ
စထွက်တာလေ ။ သင်္ကြန်အကျနေ့က စပြီးရွာတဲ့မိုးဟာ ဘယ်အညှိုးနဲ့လည်းမသိ တအုန်းအုန်းနဲ့
ရွာနေလိုက်တာ ဇွန်လ(၁၂)ရက်အထိ တစ်ရက်မပြတ်လေ ။ မိုးတွေအရမ်းရွာနေတဲ့အချိန်မှာမှာ
ဒီရေလှိုင်းက အဝေးပြေးဝင်းထဲမှာ ပြန်ဖို့လက်မှတ်ဝယ်နေတယ်လေ ။
လက်မှတ်ဝယ်မယ်လုပ်တော့ ။ Express ကားရဲ့ရှေ့ဆုံးခုံမှာ (၂)နေရာစာ
လွတ်နေတာကို သိတော့ ဒီရေလှိုင်းလည်း (၂)ခုံစလုံး
ဝယ်ပြီးလက်မှတ်ဖြတ်လိုက်တယ် ။ မွေးနေ့မှာ ကောင်းမှုလေးတစ်ခု လုပ်မလို့ပေါ့ ။
ဒီအချိန်မှာ သံဃာတော်တစ်ပါးပါး ဒါမှမဟုတ် သက်ကြီးတစ်ဦးဦးက
ပြန်ဖို့ရောက်လာခဲ့မယ်ဆို အဲဒီထိုင်ခုံနေရာကို လှူဖို့လေ ။ ဒါပေမဲ့
တို့မျှော်လင့်ထားသလို သံဃာတော်တစ်ပါးပါးလည်းမကြွလာ ၊ သက်ကြီးတစ်ဦးဦးလဲ
ရောက်မလာခဲ့ဖူးလေ ။ အဲဒီလိုနဲ့ ကားထွက်တဲ့အချိန် မနက်(၁၀)နာရီထိုးခါနီးမှာ
ကားပေါ်ကို လူ(၃)ဦးတက်လာခဲ့တယ် ။ ခပ်ကြမ်းကြမ်း
ခပ်နွမ်းနွမ်းလူ(၂)ဦးက မိုးရေတွေစိုရွှဲလို့ ။ နောက်တစ်ဦးက
အသက်(၅၀)လောက်ရှိမဲ့ မွန်မွန်ရည်ရည် ဥပဓိရုပ်ကောင်းကောင်းနဲ့
ဦးလေးကြီးတစ်ဦးပေါ့ ။ ဒီရေလှိုင်းကလည်း အသန့်အပြန့်ကြိုက်တဲ့သူဆိုတော့
ဥပဓိရုပ်ကောင်းတဲ့ ဦးလေးကြီးရဲ့ အိတ်ကို လှမ်းယူလိုက်ပြီး ဒီရေလှိုင်းဘေးက
ထိုင်ခုံမှာနေရာ
ပေးလိုက်တယ်လေ ။ ခပ်နွမ်းနွမ်းလူတွေလာထိုင်ရင်
သူ့တို့ဆီက အနံ့အသက်တွေဘာတွေကိုလဲ မခံချင်လို့လေ ။ ဒီရေလှိုင်းက ဒီလို
တစ်ခါတစ်လေ ဇီဇာကြောင်တတ်တဲ့ ကောင်လေးလေ ။
ခပ်နွမ်းနွမ်းလူကြီးနှစ်ယောက်ကတော့ အလယ်က
ပလတ်စတစ်ထိုင်ခုံလေးမှာထိုင်လို့ပေါ့ ။ Express ကားရဲ့ အိစက်ညက်ညောတဲ့
ထိုင်ခုံကြီး တွေကို သူတို့နှစ်ဦးက အငေးသားလေးကြည့်နေတယ်လေ ။ ဒီလိုနဲ့
ကားက နံနက်(၁၀)နာရီတိတိမှာ သတ်မှတ်ချိန်အတိုင်း အတိအကျ ထွက်လာခဲ့တယ် ။ မိုးကတော့ သည်းသည်းမဲမဲကိုရွာသွန်းနေတော့တာပဲ ။ ဒီလိုနဲ့ထွက်လာခဲ့တာ ပဲခူးမြို့ကို ရောက်တဲ့အထိ မိုးက အဆက်မပြတ်ရွာနေတုန်းပါပဲ ။ ပဲခူးမြို့မှာက ရေတွေလည်းကြီးနေပြီလေ ။ ကားကလည်း
ခက်ခက်ခဲခဲနဲ့ မောင်းပြီး ပဲခူးမြို့ကို ကျော်ဖြတ်ခဲ့တာပေါ့ ။ ကားပေါ်က
လူအများစုက နံနက်စာကို မစားခဲ့ဖူးလေ ။ ဝေါ ဒါမှမဟုတ် ၊ မုပလ္လင်ရောက်မှ
ဆိုင်မှာ ထမင်းစားဖို့ စီစဉ်ထားကြတယ်လေ။ ဒီလိုနဲ့
ဒီရေလှိုင်းတို့ရဲ့ကားလည်း နေ့လည်(၁၂)နာရီ ကျော်ကျော်မှာ ဝေါမြို့ကို
ကျော်ဖြတ် မောင်းနှင်လာခဲ့တယ် ။ နေ့လည် တစ်နာရီကျော်ကျော်လောက်မှာ
ဝေါအလွန်က ရွာလေးတစ်ရွာနားရောက်တော့ သည်းထန်စွာရွာတဲ့မိုးကြောင့်
ပတ်ဝန်းကျင်တစ်ခုလုံးမှာရေတွေတ တဖွေးဖွေးနဲ့ပြည့်နေပြီလေ ။ မိုးရေရဲ့
အရှိန်ရယ် တောင်ကျချောင်းက အရှိန်အဟုတ်ပြင်းပြင်းနဲ့ စီးလာတဲ့ချောင်းရေ
အရှိန်ကြောင့် ကားလမ်းမပေါ်က တံတားလေးဟာ ကျိုးကျသွားခဲ့ပြီလေ ။
ဒီရေလှိုင်းတို့ကားလည်း ရေပတ်လည်ဝိုင်းနေတဲ့ နေရာကနေ ဘယ်လိုမှ ခရီးဆက်ဖို့
မဖြစ်နိုင်တော့ဖူးပေါ့ ။ ခရီးသည်အများစုကလည်း ကိစ္စကိုယ်စီနဲ့လာကြတော့
အမြန်ဆက်သွားချင်ကြပေမဲ့ ဘယ်လိုမှ မတတ်နိုင်တဲ့အခြေအနေလေ ။ ဒါကြောင့်
ကားကို နည်းနည်းမြင့်တဲ့ ကားလမ်းမပေါ်မှာ ရပ်ထားလိုက်ပြီး ရေကျမဲ့အချိန်
ယာယီတံတားလေးထိုးပြီးမဲ့အချိန်ကို ထိုင်စောင့်နေခဲ့ရတယ် ။
ကားရပ်လိုက်ပြီဆိုတာနဲ့ စောစောကမေ့နေ့တဲ့ ဆာလောင်ခြင်းတွေက၀င်လာပြီလေ ။
ဒါပေမဲ့ ထမင်းဆိုင်မပြောနဲ့ လူသူတစ်ယောက်မှ မရှိဘဲ
ရေတွေပြည့်နေတဲ့နေရာမှာဆိုတော့ ဘာမှ မတတ်နိုင်ပါဖူး ၊ ပါလာတဲ့
ရေသန့်ဗူးလေးတွေကို ထုတ်ပြီး ဗိုက်ထဲက ဆာလောင်မှုကို ဖြေဖျောက်နေတာပေါ့ ။
ရေဆိုတာကလည်း ဆာလောင်မှုကို ခဏပဲ ထိန်းလို့ရတယ်လေ ။ ဒါကြောင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပါလာတဲ့ အစားအစာ ၊ မုန့်လေးတွေကို
ဝေမျှကျွေးရင်းနဲ့နေလာလိုက်တာ ညနေ(၄)နာရီခွဲတဲ့အချိန်ရောက်လာခဲ့တယ် ။
အဲဒီအချိန်မှာ ဒီရေလှိုင်းတို့ကားပေါ်ပတ်လည်မှာ ၀န်းရံနေတဲ့ရေပြင်ကျယ်ကြီးရဲ့ အဝေးတစ်နေရာမှာ
ဒီရေလှိုင်းတို့ရဲ့ကားဖက်ကို လှော်ခတ်လာတဲ့ လှေငယ်လေးတစ်စီးကို
မြင်လိုက်ရတယ် ။ ခရီးသည်တွေအားလုံးကလည်း ၀မ်းသာအားရဖြစ် ကုန်တာပေါ့ ။
လှေငယ်လေးအနားရောက်လာတော့ လှေငယ်လေးပေါ်မှာ ခြင်းတောင်းကြီးနဲ့ ထည့်ထားတဲ့
ထမင်းထုပ်လေးတွေကို မြင်ရတယ် ။ လှော်ခတ်လာတဲ့ လူကြီးက သူတို့ဟာ ဒီနားက
လယ်သမားတွေဖြစ်ကြောင်း ကားဆက်ထွက်လို့မရနိုင်မဲ့ ခရီးသည်တွေကို စာနာပြီး
သူတို့ ထမင်းချက်ပြီးလာလှူဒါန်းတာဖြစ်ကြောင်းပြောပြီး ကားပေါ်ကို
ထမင်းထည့်ထားတဲ့ ခြင်းတောင်းကြီးကို တင်ပေးလိုက်ပြီး လှေကလေးကို
လှော်ခတ်လို့ ပြန်ထွက်သွားတယ် ။ ကားဒရိုင်ဘာဦးလေးကြီးရယ် ဒီရေလှိုင်းရယ်က
ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေကို ရေတွက်လိုက်တယ် ။ လာလှူသွားတဲ့
ထမင်းထုပ်ကိုလည်း စစ်ကြည့်လိုက်တော့ ခရီးသည် ဦးရေနဲ့ ကွက်တိပဲဖြစ်နေတယ် ။
ဒီရေလှိုင်းက လူငယ်လည်းဖြစ်ပြန် ကားရှေ့ဆုံးမှာ စီးလာတဲ့
သူလည်းဖြစ်တေပြန်ဖြစ်တော့ ခြင်းတောင်းထဲက ထမင်းထုပ်တွေကို ယူပြီး
ခရီးသည်တွေတစ်ဦးချင်းရဲ့ လက်ထဲအရောက် လိုက်ဝေပေးလိုက်တယ် ။ ကားနောက်ဆုံးက
လူတွေအထိဝေပေးပြီးပြန်လာတော့ ခြင်းတောင်းထဲမှာ ထမင်းထုပ်က (၄)ထုပ်ပဲ
ကျန်တော့တာကို တွေ့ရတယ် ။ ဒါနဲ့ ဒီရေလှိုင်းလဲ ဒရိုင်ဘာ ဦးလေးကြီးရယ် ၊
အရှေ့က ပလတ်စတစ်ခုံပေါ်မှာ ထိုင်နေတဲ့ ခပ်နွမ်းနွမ်း လူကြီး(၂)ဦးရယ် ၊
ဘေးမှာထိုင်နေတဲ့ ဥပဓိရုပ်ကောင်းကောင်းနဲ့ စကားကို
ရည်ရည်မွန်မွန်ပြောတတ်တဲ့ ဦးလေးကြီးရယ်ကို ဝေပေးလိုက်တယ် ။
ဒီရေလှိုင်းအတွက်တော့ မကျန်တော့ဖူးလေ ။ ခုနက ရေကြည့်တော့ လူဦးရေနဲ့
ထမင်းထုပ်က ကွက်တိပဲ ။ထမင်းထုပ်ကိုလည်း ကိုယ့်ရှေ့နေရာချထားရင်းနဲ့
ဘာဖြစ်လို့ တစ်ထုပ်လိုသွားပါလိမ့်လို့စဉ်းစာမိလိုက်သေးတယ် ။
ဒီရေလှိုင်းစိတ်ထဲမှာတော့
ဟိုလူကြီးနှစ်ဦးထဲက တစ်ယောက်ယောက်
ယူထားလိုက်တယ်လို့ထင်မိတယ် ။ ဒါပေမဲ့ စိတ်ထဲမှာပဲ ထားလိုက်ပါတော့တယ် ။
ခရီးသည်တွေအားလုံးက ရထားတဲ့ ထမင်းထုပ်တွေနဲ့
အားလုံးစားကုန်ကြပြီလေ ။
ဘေးနားက ဥပဓိရုပ်ကောင်းကောင်း ဦးလေးကြီးလည်း မိန်ရေရှက်ရေနဲ့ စားနေပြီ ။
အဲဒီအချိန်မှာ ခပ်နွမ်းနွမ်း ဦးလေးကြီးနှစ်ယောက်က ဒီရေလှိုင်းလေးကို
ကွက်ကြည့်ကွက်ကြည့်လုပ်နေတယ် ။ ပြီးတော့ သား
ဦးလေးတို့ထဲကတစ်ထုပ်ယူလိုက်ပါလားတဲ့ ပြောတယ် ။ ဒီရေလှိုင်းက
ရပါတယ်ပြောပြီးငြင်းလိုက်တော့ သားကနုနုနယ်နယ်လေးနဲ့
အဆာခံနိုင်မှာမဟုတ်ဖူးတဲ့
ဦးလေးတို့က ဒါလိုမျိုးတွေ ခဏခဏ ကြုံရပါများတော့ ခံနိုင်ရည်ရှိနေပြီ အားမနာပါနဲ့လို့
ပြောခဲ့တယ် ။ ဒီရေလှိုင်းလည်း သူတို့ရဲ့ စေတနာကို မငြင်းပယ်ချင်တာနဲ့ ဒါဆိုဦးလေးတို့ရယ်
ထမင်းနှစ်ထုပ်ကို(၃)ယောက်လုံး မျှစားကြတာပေါ့လို့ ပြန်ပြောလိုက်တယ် ။
ဒီလိုနဲ့ ငှက်ပျောရွက်နဲ့ ထည့်ထားထည့် ထမင်းနှစ်ထုပ်ကိုပေါင်းထည့်ပြီး
ရေသန့်ဗူးထဲကရေလေးနဲ့ လက်ကိုဆေးပြီး(၃)ဦးသားလက်ရည်တပြင်ထဲ စားခဲ့တယ်လေ။
နဂိုက ရွံတတ်တဲ့ ဒီရေလှိုင်းရဲ့ စိတ်ထဲမှာလည်း ဘာမှရှိမနေတော့ပါဖူး ။
စေတနာကောင်းတဲ့ ဦးလေးကြီးတွေရဲ့ လက်ကြမ်းကြမ်းကြီးတွေဟာဖြူစင်
ရှင်းသန့်နေတယ်လို့ထင်လိုက်မိတယ် ။ အဲဒီထမင်းတစ်နပ်ဟာ ဒီရေလှိုင်းရဲ့ဘ၀မှာ
အမြိန်ဆုံးပဲလို့ထင်ခဲ့တယ်လေ ။ ဦးကြီးနှစ်ယောက်ကတော့
ထမင်းစားလို့ဘယ်ဝမှာလဲလေ ။ ဒီရေလှိုင်းက သိတာပေါ့ ၊ဒါကြောင့် ရန်ကုန်က
အန်တီလေးကလည်း ဒီရေလှိုင်းအတွက် ခုနှစ်လွှာပေါက်စီ(၃)လုံး
ပေးလိုက်တယ်လေ ။ ဒီရေလှိုင်းလေး ကြိုက်တတ်လို့ဆိုပြီး ။ အဲဒီပေါက်စီ(၃)လုံးကို အိတ်ထဲက
ထုတ်ပြီး တစ်ယောက်တစ်လုံးစီဝေစားလိုက်တယ် ။ ဦးကြီးနှစ်ယောက်ကလည်း ပီတိအပြုံးတွေနဲ့ပေါ့ ။
ဒီလိုနဲ့ မိုးချုပ်တဲ့အထိ ရေကလည်း မကျသေးတော့ ကားလည်းထွက်လို့မရသေးဖူးလေ ။ ညဦးပိုင်းမှာသာ စကားတွေပြောရင်း ဆူညံနေပေမဲ့
ညနက်ပိုင်းရောက်တော့ အားလုံးက ကားပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကုန်ကြပြီလေ ။
အတွေးများတဲ့ ၊ နေရာသစ်မှာအလွယ်တကူ အိပ်မပျော်တတ်တဲ့ ဒီရေလှိုင်းကတော့
အိပ်မပျော်နိုင်ခဲ့ပါဖူး ။ မျက်စေ့လေးကို စုံမှိတ်လို့
စဉ်းစားအတွေးများနေခဲ့ပါတယ် ။ ခဏကြာတော့ ဘေးက ဖြည်ညှင်းတဲ့
အသံလေးတစ်ခုကိုကြားလို့ မျက်လုံးလေးကိုဖွင့်ကြည့်လိုက်တော့ - လားလား
ဘေးနားက ဥပဓိရုပ်ကောင်းကောင်းနဲ့
လူကြီးက ၀ှက်ထားတဲ့ ထမင်းထုပ်လေးကို အသာဖွင့်ပြီးခိုးစားနေတာကိုတွေ့လိုက်တယ် ။
သူရှက်သွားမှာစိုးလို့ ဒီရေလှိုင်းကလေးလည်း မျက်လုံးလေးပြန်မှိတ်ပြီး
အိပ်ချင်ယောင် ဆောင်ပေးလိုက်တယ် ။ မျက်စေ့နှစ်လုံးကို မှိတ်ထားရင်းနဲ့
ပြန်မြင်လာတာက အရင်က
ဥပဓိရုပ်ကောင်းတဲ့ ဦးလေးကြီးဟာ ဘာမဟုတ်တဲ့
ထမင်းထုပ်လေးတစ်ထုပ်ကြောင့် တော်တော့ကို အကျည်းတန်သွားတာကို မြင်နေရပါတယ် ။
အိပ်မပျော်နိုင်ပဲ ဒီဖြစ်စဉ်လေးကို
ပြန်ပြီး ဆန်းစစ်စဉ်းစားလိုက်တော့ အပေါ်ယံအလှကို အမှန်ထင်တဲ့ ကိုယ့်ကိုကိုယ် ဒီရေလှိုင်း
မကျေမနပ်ဖြစ်ရပါတယ် ။ လောကမှာ အပေါ်ယံကလှပြီးအတွင်း မနောက ကောက်ကျစ်
အတ္တကြီးမားတဲ့သူတွေရှိသလို၊ အပေါ်ယံမှာ အကျည်းတန်ပေမဲ့ အတွင်းစိတ်သဘောက
ဖြူစင် လှပ သန့်ရှင်းတဲ့သူတွေလည်း ရှိနေပါလားလို့သိလိုက်ရတယ် ။ အဲဒီနေ့လေးက
မှတ်မှတ်ရရပါပဲ
ဒီရေလှိုင်းလေးရဲ့ တစ်ခုသောမွေးနေ့ ဇွန်လ(၁၂)ရက်နေ့ မိုးတွေအရမ်းရွာတဲ့ မိုးနေ့လေးပေါ့ ။
ရသမြောက်အောင်ဖန်တီးထားတဲ့မွေးနေ့အမှတ်တရ ရသစာစုလေးကိုဖတ်ရင်း အတွေးလေးတွေစပ်ဆက်တွေးမိကြောင်းးးး
ReplyDelete