ကျွန်တော့လက်က အကင်းမသေးသော ဒါဏ်ရာလေးကိုငုံ့ကြည်မိသည် ။ ဒါဏ်ရာလေးက ရေးရေးလေး ထင်ကျန်ဆဲပင်ဖြစ်သည် ။
ဆူးဒါဏ်မှ မပြယ်သေး ဆူးပင်လေးကတော့ ကွယ်ခဲ့ရှာလေပြီ ။
တစ်ချိန်က ဖြစ်ပါသည် ။
ခုကာလများလို ကျွန်တော်သည်
အွန်လိုင်းယဉ်ကျေးမှုတွင် စီးဝင်နစ်မျောနေခြင်းလည်း မရှိသေး ။ ကဗျာဆိုသော
ငယ်ချစ်နှင့်လည်း ခေတ္တယာယီ ပြတ်စဲထားခဲ့ရသော ကာလတစ်ခုကိုဖြတ်သန်း
ကျော်လွှားနေစဉ်ပင် ဖြစ်ပါသည် ။
ထိုအချိန်ကကျွန်တော် အရူးအမူး
တက်မက်စွဲလန်းခဲ့သော အရာလေးများ ရှိခဲ့သည် ။ ထိုအရာလေးများကို
နှစ်သက်မြတ်နိုးခဲ့သည် ။ တန်ဖိုးထား တွယ်တာခဲ့ သည် ။ စွဲစွဲလန်းလန်း
မက်မောပြုစု ယုယခဲ့သည် ။ ထိုအရာများက အခြားမဟုတ်
ပန်းပွင့်လေးများပင်ဖြစ်ပါသည် ။ တကယ်တော့ ထိုအချိန် တွင် ကျွန်တော်သည်
ပန်းချစ်သူဘ၀ နှင့် အသက်ရှင်ဖြတ်ကျော်နေခဲ့သူသာ ဖြစ်ပါတော့သည် ။
စင်စစ်တော့ ပန်းချစ်သူဘ၀သည် ရိုးရှင်းလွန်းလှသည် ။
အေးချမ်းဖြူစင်လွန်းလှသည်။
နူးညံ့သိမ်မွေ့လွန်းလှပါသည် ။
ထိုအချိန်ကာလတစ်ခုတွင် ကျွန်တော်သည် အရောင်အသွေးစုံလင်စွာ ပွင့်သော
ပန်းပင်လေးများစွာကို ပြုစုယုယခဲ့သည် ။
ရနံ့မျိုးစုံ ထုံသင်းနေသော
ပန်းပွင့်လေးများ ပွင့်လန်းစေဖို့ ပန်းပင်လေးများကို
မြတ်နိုးခြင်းများစွာဖြင့် စိုက်ပျိုးပြုစု ပျိုးထောင်ခဲ့သည် ။
ရနံ့မထုံသော်ငြားလည်း အရောင်မျိုးစုံ အဆင်းသဏ္ဍန်စုံပွင့်သော
သစ်ခွပန်းပင်များစွာကိုလည်း စိုက်ပျိုးခဲ့သည် ။
အရောင်အဆင်းက ဖြူဖြူစင်စင်
သင်းရနံ့က ယဉ်လှသော စပယ်ဖြူ တို့ကိုလည်း ပြုစု ယုယခဲ့ပါသည် ။
ဆူးဟန်ဝင့်ဝင့်နှင့်အလှဂုဏ်တင့်နေသော နှင်းဆီပန်းလေးများကိုလည်း
မြတ်နိုးခြင်းများစွာနှင့်စိုက်ပျိုး ယုယခဲ့သည် ။
ကျွန်တော့
အိမ်ရှေ့တွင်ရှိသော ပန်းခင်းလေးက အချိန်မရွေး လှပသောပန်းပွင့်လေးများနှင့်
ကြည်နူးစရာ ခိုလှုံချင်စရာ အနားယူချင်စရာ ကောင်းလွန်းခဲ့ပါသည် ။ ထိုထို
ပန်းအလှမျိုးစုံတို့ အနက် ကျွန်တော် အလွန် တိမ်းမူးနှစ်သက် စွဲမက်ခဲ့သော
အခြားပန်း များထက် အချစ်ပိုခဲ့သော ပန်းပင်လေးတစ်ပင်ရှိခဲ့ဖူးပါသည် ။
ထိုပန်းပင်လေးက အင်္ဂလိပ်လို kiss me quick ဟု အမည်ပေးထားသော မြန်မာလိုပြောရလျင် င့ါကိုမြန်မြန်နမ်းပါဟု အဓိပ္ပါယ်ရသော
ဆူးများစွာဖြင့် ၀ိုင်းရံထားသော ပန်းပင်လေးပင်ဖြစ်ပါတော့သည် ။ ထိုပန်းပင်လေးများကို ကျွန်တော် မြန်မာဆန်ဆန်ပင် ဆူးပန်းလေး
များဟုပင်ခေါ်ခဲ့ပါသည် ။ ဆူးပန်းပင်လေးများ၏ စိမ်းစိမ်လန်းလန်း ထူထူဖားဖား အိအိစက်စက်လေးများ နှင့် အရွက် ထက်မြက်မာကြော
သော ဆူးလှလှ သည်အရွက် သည်ဆူးကြားမှာ ရုန်းကန်တိုးထွက်လာသော ရောင်စုံဖြာ
ပုံသဏ္ဍန်စုံသည့် အပွင့်လေးများကို ကျွန်တော်သည် ကဗျာတစ်ပုဒ်ကို
ဈာန်ဝင်သည့်နှယ် ယစ်မူးတိမ်းမက် နှစ်သက်ခဲ့ဖူးပါသည် ။ သည်လိုနှင့်
ကျွန်တော် သည် ဆူးပင်လေး
တွေ၏ crazy ဖြစ်ခဲ့ပါသည် ။ ထိုဆူးပန်းလေးမျိုးစုံကိုလည်း ရနိုင်သလောက်စုဆောင်း စိုက်ပျိုးခဲ့ပါသည် ။
တစ်နေ့တွင် ကျွန်တော့ ၏ ချစ်သူသဖွယ် မြတ်နိုးတွယ်တာရသော ဆူးပန်းလေးတစ်ပွင့်ကို ထိတွေ့ဆုံဆည်းခဲ့ရပါသည် ။ ထိုပန်းပင်လေးကို ခရီးထွက်ရင်း မော်တော်ကားတစ်စီးပေါ်၌ စတင်မြင်တွေ့ခဲ့ရခြင်းဖြစ်ပါသည် ။ တစ်ကားထဲ စီးလာသူ
ခရီးဖော် က သူ့ မိတ်ဆွေတစ်ဦးအတွက် လက်ဆောင်ပေးရန် ယူလာသော
ထိုဆူးပန်းလေးကိုမြင်တွေ့လိုက်စဉ်မျာပင် ကျွန်တော် မှင်သက်
ငေးမောအံ့သြခဲ့ရပါသည် ။ ကျွန်တော်စိုက်ပျိုးယုယခဲ့သော
အခြားဆူးပန်းလေးများနှင့်လုံးဝကွဲပြား ခြားနားနေသော အပွင့်
ပုံသဏ္ဍန်လေးက ကျွန်တော့ နှလုံးသားကိုဖမ်းစားနိုင်ခဲ့ပြီ ။ သူ့အပွင့်အရောင်ကား မော်ဒယ်စိမ်းဟု လူအများက ခေါ်ကြသော အစိမ်းနုနု
တောက်တောက်စိုစို ၊ သူ့အပွင့်အသားက ကတ္တီပါအသားလို နူးနူးညံ့ညံ့ အိအိစက်စက် ညက်ညက်ညောညော ။ သိပ်သည်းနက်မှောင်
သော အရွက်စိမ်းစိမ်ကြားမှာတိုးထွက်နေသော သူ့အပွင့်သဏ္ဍန်က
အသည်းနှလုံးပုံလေးဖြင့်ကဗျာဆန်ဆန်လှပလွန်းနေသည် ။ ထိုဆူးပန်းလေးကို
ကျွန်တော် မက်မက်မောမောကြည့်ရင် ယူဆောင်လာသော ခရီးဖော်ကို မည်သည့်နေရာက
ဝယ်ယူလာသည်ကို မေးမြန်းကြည့်တော့သည် ။ ထိုအခါ သူက ထိုင်းနိုင်ငံ
မဲဆောက်မြို့မှ ၀ယ်ယူလာခြင်းဖြစ်ကြောင်း အလွန်ရှားပါး၍ ဈေးကွက်တွင်
တွေ့မြင်ရခဲ ကြောင်း ကျွန်တော့အား သူပြန်လည်ပြောကြာဖြေကြားခဲ့ပါသည် ။
တစ်ခုခုကို စွဲလန်းမိလျှင် အရူးအမူးဖြစ်တတ်သော
ကျွန်တော်သည် ထိုဆူးပန်းပင်လေးကို ပါလာသော ကင်မရာဖြင့်
ဓာတ်ပုံရိုက်ယူခဲ့သည် ။ ထိုခရီးမှ အိမ်သို့ပြန်လာသောအခါ ထိုပန်းပင်မျိုး
ကိုရရှိနိုင်ရန် အပြင်းအထန်ကြိုးစားပါတော့သည် ။ ဓာတ်ပုံများကို ကူးယူ၍
မဲဆောက်ဖက်သွားသူများအား ၀ယ်ယူလာခဲ့ပေးပါရန် အပူကပ်တော့သည် ။ အချိန်၂လ ၃လ
ခန့်ကြာမှ ကျွန်တော်လိုချင်လွန်းလှသော ဆူးပန်းပင်လေးကိုရရှိခဲ့ပါသည်။
ထိုဆူးပန်းလေးကားကျွန်တော့ထံတွင်ရောက်ရှိခဲ့ချိန်က ဒါဏ်ရာများစွာပါခဲ့ပါသည် ။ မဲဆောက်မှ ပြန်လာရာလမ်းတွင် မိုးကြီးတောင်ပြိုလမ်းပိတ်နေ၍ ၄ ညအိပ်ကြာခဲ့သည် ။ လမ်းတွင်လည်း အခြားကုန်များနဲ့
ညှပ်ပိတ်ပိခဲ့၍ ကျွန်တော့ထံရောက်ရှိလာချိန်တွင် ဆူးပန်းလေးမှာ
ညှိုးရော်ဖျော့ခွေနေတော့သည် ။ ကျွန်တော်ကား သည်ဆူးပန်းလေးကို
အရိပ်တစ်ကြည့်ကြည့်နဲ့ တန်ဖိုးထားကာ အချိန်ပြည့် ပြုစုယုယတော့သည် ။
သည်ဆူးပင်းလေး ရှင်သန်ကြီးထွားဖို့အရေးသည်သာ ကျွန်တော့ အာရုံတွင်
အဓိကထားတော့သည်။
သူနှစ်သက်သော ဆေးဝါးများကို ကျွေးမွေးရတော့သည် ။ သူ့ကို ဖျက်ဆီးကိုက်ဖြတ်မည့် ပိုးမွှား အန္တရာယ်တို့မကျရောက်စေရန်ကာကွယ်စောင့်ရှောက်ရတော့သည် ။ စိုစွတ်ခြင်းကိုမနှစ်သက်သောသူ့အတွက် အမိုးလေးတစ်ခုပြုလုပ်ပေးရသည် ။ သည်လို နှင့်
ဆူးပန်းလေးသည် ၃လခန့်အချိန်တွင်ပင် နဂိုရှိရင်းထက် ပိုမို အလှသွေးကြွယ်လာသည် ။ညှိုးရော်ရော်အပင်လေးမှ စိမ်းလန်းသော အရွက်ဖားဖားများဖြင့် ပိုမိုကြီးထွားခဲ့သည် ။ ကျွန်တော်မှာ မနက်မိုးလင်းသည်နှင့်ဆူးပန်းလေးထံသို့ သွား၍ ဈာန်ဝင်စားသကဲ့သို့
တစိမ့်စိမ့်ကြည်ကာ ပီတိများဝေဖြာခဲ့သည် ။ နောက်မကြာခင်အချိန်တစ်ခုတွင်
ဆူးပန်းလေးက ကျွန်တော့ နှစ်သက်သော ပန်းပွင့်လေးများပွင့်၍
သူ့ကိုယ်သူအလှဆင်တော့ သည်. ကျွန်တော်၏ အပျော် ကြည်နူးများသည် အတိုင်းမသိ
အနှိုင်းမရှိခဲ့ ။ ထိုဆူးပန်း
ပင်လေး၏ စိမ်းတောက်တောက် အရောင် သူ့အဆင်းကိုကြည့်၍ ကျွန်တော်
နာမည်တစ်ခုပေးခဲ့သည် ။ ထိုနာမည်လေးက အသည်းစိမ်းဆူး ။
ထိုအသည်းစိမ်းဆူးလေးကို ကျွန်တော်သည် သက်ရှိ ချစ်သူတစ်ယောက်လိုပင်
မြတ်နိုးတန်ဖိုးထားခဲ့လွန်းခဲ့သည်။
သည်တစ်သက်တွင်ဖြင့် ဘယ်တော့မှမခွဲခွာ အမြဲရှိနေလိမ့်မည်ဟုလည်း ယုံမှတ်ခဲ့သည် ။
တစ်နေ့တွင် အသည်းစိမ်းဆူးလေးကိုပြုစုနေခိုက် ပန်းအိုးကြားမှ ကျွန်တော် လွန်စွာကြောက်ရွံ့သော ဖားပြုတ်ကြီးတစ်ကောင်ထွက်လာ၍ အရွက်စိမ်းဖားဖားများကိုကိုင်ကြည့်နေသော လက်ကို သတိမထားပဲ ခပ်မြန်မြန်ဆွဲထုတ်လိုက်သဖြင့် လက်ဖမိုးတွင်အသည်းစိမ်းလေး၏ ဆူးကြောင့် သွေးများထွက် ဒါဏ်ရာခပ်နက်နက်ရရှိသွားခဲ့သည် ။
သည်ဒါဏ်ရာကိုရေဖြင့်ဆေးကြော အရက်ပျံထည့်လိုက်သည် ။ သည်လိုနှင့်
ဆူးပန်းလေးက ပေးသောဒါဏ်ရာ လေးက ကျွန်တော့လက်တွင် ထင်ကျန်ရစ်တော့သည် ။
ကျွန်တော့ဒါဏ်ရာလေးမှ မပျောက်ခင် ၊ အသည်းစိမ်းဆူးလေး
အပွင့်လန်းဆုံး ၊ အတောက်ပဆုံး ၊အလှဆုံးအချိန်တွင် ကျွန်တော် ကိစ္စတစ်ခုဖြင့်ခရီးသွားရန်
ပေါ်ပေါက်လာခဲ့သည်။
ခရီးမထွက်ခင်အချိန်မှာပင် ကျွန်တော်သည် အသည်းစိမ်းဆူးကို
စိတ်မချ၍ အိမ်မှမေမေတို့ကို တဖွဖွမှာကြားခဲ့သည် ။ သည် အသည်းစိမ်းလေးကို
ဂရုစိုက်ရန် ပြုစုရန်အကြိမ်ကြိမ်မှာကြားနေသော ကျွန်တော့ကို မေမေက စိတ်ချရန်
ပြန်လည်ပြောကြားခဲ့သည် ။
မျှော်လင့်သည့်အတိုင်း(၄)ရက်ကြာသောအခါ ကျွန်တော်အိမ်ပြန်ရောက်လာခဲ့သည် ။ အိမ်သို့ရောက်သည်နှင့် ခရီးဆောင်အိပ်ကို ချကာ
အသည်းစိမ်းဆူးလေးထံသို့ ကျွန်တော် အပြေးသွားတော့သည် ။ အို မမျှော်လင့်သော မြင်ကွင်းတစ်ခု မထင်မှတ်သော အဖြစ်တစ်ခုကို
ကျွန်တော် အသေအချာမြင်လိုက်ရသည် ။ အမြင်မှားနေသည်ထင်၍
အသေအချာထပ်မံကြည့်လိုက်သောအခါတွင်လည်း သည်အတိုင်းသာ ဖြစ်နေတော့သည် ။
ကျွန်တော် ပြုစုယုယခဲ့သော ကျွန်တော် မြတ်နိုးစိုက်ပျိုးခဲ့သော ၊ ကျွန်တော်
တိမ်းမူးချစ်ခင်ရပါသော ကျွန်တော် စွဲလန်းနှစ်သက်ခဲ့သော အသည်းစိမ်းဆူးလေးက
ရှင်သန်ခြင်းမရှိတော့ပြီ ။ ပန်းကိုမချစ်နှစ်သော
ပန်းတို့၏ အလှကိုမခံစားတတ်သော သူတို့ကြောင့် ကျွန်တော့၏ အသည်းစိမ်းဆူးသည် အပိုင်းအပိုင်းအပြတ်ပြတ် ကြေမွခဲ့သည် ။
လှပသောပန်းပွင့်လေးများကလည်း ကြွေကျ ခြောက်နွမ်းခဲ့သည် ။ မမြင်ရက်စရာမြင်ကွင်ကြောင့် ကျွန်တော် ရင်ထဲမှ လှိုက်ဖိုခံစားနေ
ရစဉ်တွင် နူးညံ့ပျော့ပြောင်းသော လက်အစုံသည် ကျွန်တော့ ပုခုံးနှစ်ဖက်ကို ကျရောက်လာသည်။ ကျွန်တော်ကြည့်လိုက်တော့
ကျွန်တော့ကို ချစ်တတ်လွန်းသော မေမေ ၊ ကျွန်တော့
စိတ်ကိုနားလည်တတ်လွန်းသော ကျွန်တော့ ၏ ပန်းချစ်နှလုံးသားကို
မြင်နိုင်တတ်လွန်းသောမေမေ ။ မေမေက ချိုသာနူးညံ့သော အသံဖြင့် ဖြေးညင်းစွာ
ပြောသောစကားများက ” သားရယ် ဒီလိုအပင်နုနုလေးတွေမှသေတတ်တာမဟုတ်ဘူးလေ ။
ဟိုလေနီကြမ်းတွေတိုက်လိုက်လို့ သားတို့ငယ်ငယ်တုန်းက
သူ့အရိပ်အောက်မှာဆော့ကစားခဲ့တဲ့ လမ်းထိပ်က ညောင်ပင်ကြီးလည်း ပြိုလဲခဲ့တယ်
။ သားအင်မတန်နှစ်သက်တဲ့ အသီးတွေသိးတဲ့ ဒူးရင်းပင်ကြီးတွေလည်း
အပင်တွင်းပိုးကြောင့် တစ်ပင်လုံးခြောက်ပြီး သေခဲ့တယ် ။ ဘယ်အပင် ဘယ်အရာ မှ
မမြဲပါဘူးသားရယ် ” တဲ့ ။
သည်စကားအဆုံးမှာ ကျွန်တော့ ရင်ထဲသို့ဖြတ်ကနဲရောက်ရှိ၍ မြင်လိုက်ရသည်ကား ကျွန်တော်တို့ရှင်တော်ဗုဒ္ဓဟောကြာတော်မူခဲ့သော
သင်္ခါရတရား ။
ဟုတ်ပေသည်ပဲ ။
ဘယ်အရာမှ မမြဲကျ ခွဲရမဲ့ သဘာဝတရားတစ်ခုပါလား ။
သည်အတွေးအပြီးမှာတော့ အသည်းစိမ်းဆူးလေး ပေးခဲ့သော ဒါဏ်လေးလေးကို ကျွန်တော့
ငုံ့ကြည်မိလိုက်သည် ။ ဒါဏ်ရာလေးက အကင်းမသေးသေး ။
ခပ်ရေးရေးလေးမြင်ရဆဲ ထင်ကျန်ဆဲပင် ။
အော် ” ဆူးဒါဏ်မှ မပြယ်မီ အသည်းစိမ်းဆူးပင်လေးက ကွယ်ခဲ့ရှာပြီ ”
No comments:
Post a Comment