ကျွန်တော်ရေးမိသမျှလေးတွေ

Saturday 16 March 2013

လွဲနေသော ပစ်မှတ်များ

မှား  မှား မှားနိုင်လွန်း
ခံယူချက်စာမျက်နှာမှာ
ကြက်ခြေခတ်ရာတွေအပြည့်
အနီရောင်မင်သက်သက်ဖြည့်ထားတဲ့

စိတ္တဇပန်းချီကားချပ်ပမာ
တစ်ခါတစ်လေ
မှန်နေရင်တောင်
အမှားလို့မြင်
ယုံကြည်ချက်အမှားများကိုပဲ
အမှန်ုလို့စွဲ
လွဲ  လွဲ လွဲနိုင်လွန်း ။

ခါး ခါး ခါး နိုင်လွန်း
အလိုမကျတိုင်း
မျိုချလို့မထွေးနိုင်
မချိုမြတဲ့ အတွေးမှားတွေ
ခါးနေလိုက်ပုံများ
ကြက်ဟင်းခါးသီးတောင်
ချိုနေရော့သလား
အချိုသကာကို
မြင်နေတာတောင်
အကြည့်များကခါး
ကမ္ဘာတစ်ခြားက ဂြိုလ်သားလို
အဘိဇ္ဇာ အယူမှားအလွဲတွေက
မြဲ မြဲ မြဲနိုင်လွန်း ။

ဟား ဟား ဟားနိုင်လွန်း
ရည်ရွယ်ချက်ကျည်ဆံတွေလည်း
တ၀ီဝီနဲ့
ကြည့်ပြီးရှောင်ရင်ထိ
မရှောင်ရင် လွတ်ပြီ
တွတ်ပီရဲ့ နှစ်လုံးပြူးကျည်ပမာ
တစ်ခါတစ်လေ
အပီမှန်တာတောင်
တကယ်ပလီဟန်နဲ့
ရယ်သံတွေဖွဲ့လို့ ညံမစဲ
ဘယ်အခါမှ မှန်ပါဘူးလို့
အမြင်တရား အမြဲတွေက
စွဲ စွဲ စွဲနိုင်လွန်း ။

No comments:

Post a Comment

နေလင်းဖြိုး(နည်းပညာ)နှင့်ကိုညီလင်းနှိုင်ဖန်တီးပါသည်