ကျွန်တော်ရေးမိသမျှလေးတွေ

Monday 3 December 2012

လွမ်းတမြေ့မြေ့ပါ မေမေရယ်

မေမေ့ ကရုဏာရုပ်သွင် သားမှာမမြင်
မေမေ့ အကြင်နာ ရင်ခွင် သားမခိုဝင်ရ
မေမေ့ မေတ္တာသံစဉ်စကား သားမကြား
သားနဲ့ ကမ္ဘာတစ်ခြားကို ဝေးလွင့်
ခုပြန် တွေးစစ်လိုက်ရင်
လေးနှစ်တောင်ရှိခဲ့ပေမဲ့
သားဘ၀မှာ တစ်နေ့မှ မေ့မရ
မခြား တစ်ခဏတာ မနေ့ကလို့ ထင်မှတ်ဆဲပါမေမေရယ် ။

မိုးရေတွေ တစ်စက်စက်ကျ
လျှပ်စီးတွေ တဖျတ်ဖျတ်လက်

ဇွန်တစ်ရက်ရဲ့
လင်းအာရုဏ်တက် နံနက်မှာ
နိုင်အောင်စိုးဆိုတဲ့ သားတစ်ယောက်
လောကထဲရောက်ဖို့တွက်
သူ့အသက်နဲ့ဆက်
ခက်ခက်ခဲခဲ မွေးဖွား
အော် - မေမေ့အတွက်တော့ ရတနာတစ်ပါးတဲ့လေ ။

သာယာခြင်းအပေါင်းတွေနဲ့
လာခြင်းကောင်းတဲ့ သားလို့ မေမေပြောခဲ့ပေမဲ့
ဒါဏ်ရာတွေဖွဲ့
ကံကြမ္မာ အခြေနဲ့နဲ့
ရောဂါတွေ ချူချာ
ပူဆာတတ်လွန်းတဲ့ သားတစ်ယောက်ကို
သူမမာတဲ့ကြားက ငြူစူကာ စိတ်မခု
ယုယလို့ပြုစု
တုမရတဲ့ မေမေမေတ္တာလှလှ
သားမှာ အခါခါရခဲ့ပါတယ် မေမေ။

အဖော်မဲ့လို့မပျော်ခဲ့ဘူးမေမေရယ်
ဒီဘ၀မှာ ညီမထွေး သားအဖော်လေးတစ်ယောက်
ပေးပါလားလို့
ကလေးစကားနဲ့ သားဆိုခဲ့ပေမဲ့
အလေးထားလို့ ကြိုးစား
မေမေခင်ဗျာ မကျန်းမာတဲ့ကြားက
လန်းဖြာတဲ့စိတ်ထားအတွေးနဲ့
သားအတွက် ညီမလက်ဆောင်ပေးခဲ့တဲ့ အချိန်က
မေမေ့ အပြုံးလေးဟာ
သားနှလုံးသွေးမှာ နွေးထွေးဆဲပါ မေမေရယ် ။

မေမေရယ်....
အပူမဲ့ ပြီးဖြူနွဲ့တဲ့ မေမေ့ရုပ်အလှဟာ
ဘယ်အရာနဲ့မှ အစားမရ
နွေးထွေးတဲ့ မေမေရင်ခွင်ဟာ
ဘယ်အရာနဲ့မှ ယှဉ်လို့မရ
မေမေပေးတဲ့အင်အား
ကမ္ဘာပေါ်မှာရှိတဲ့စက်အားလုံးနားထား
သားရဲ့ လိုရင်မှန်သမှကို
မငြိုငြင်ပဲလက်ငင်း
သားအတွက် ချိုချဉ်အာဟာရကို
ချက်ခြင်းပေးဆပ်
သားဆန္ဒဟာ မေမေ့ဘဝ
လိုတာကိုရစေရမယ်သားတဲ့ ။

မေမေရယ် ......
သားဘ၀မှာ ပူပူပင်ပင် အဆိပ်မိုးမရွာကျစေဖို့
ဖြူဖြူစင်စင် အရိပ်မိုးပေးပြခဲ့တာ
အပြစ်အဆိုးအနာတို့မတိုးအောင်
အချစ်မိုးတွေ ရွာကာ
ဝေဒနာတွေ ဖြေဆည်ပျောက်အောင်
စေတနာရေကြည်ပေါက်လေးတွေ နဲ့
ယုယစွာထွေးခဲ့တာ
လောကမှာ နှလုံးသားလှလှနဲ့
အသုံးများကျစေဖို့
အမုန်းတရားမခစေဖို့
အပြုံးများလှလှနဲ့
ဆုံးမတဲ့ မေမေ့ရဲ့စကားလေးတွေ
ခုထိ သားနှလုံးသားမှာ စူးဝင်
စွဲထင်လို့ ကျန်ဆဲပါ မေမေရယ် ။

သားရယ် ......
ခဏရိက္ခာရ စေဖို့
ဘ၀သိက္ခာ မကျစေနဲ့
တစ်ယောက်ထဲ အထီးကျန်နွမ်းပါစေ
မဖောက်လွဲ ခရီးအမှန်လျှောက်ပါတဲ့
ကိုယ်ကကောင်းအောင်ကြိုးစား
အများအတွက်လည်း စဉ်းစား
ပရဟိတတရား အရအမိထား
ဒါမှငါ့သားတဲ့
မေမေ့ မေတ္တာအနှစ်နဲ့ ဖွင့်ကာလှစ်တဲ့ စကားထိုထို
သားနားမှာ ချိုချိုသာ
လိုက်နာကာကျင့်သုံး
စိတ်နှလုံးသားလှလှနဲ့ လောကမှာဝင့်ထည်
သားဘ၀ တင့်တယ်ခဲ့ပြီမေမေ ။
နှင်းစက်တွေဖြာ
ဒီဇင်ဘာဆောင်းနံနက်မှာ
မငိုပါနဲ့ ဆိုပြီး
ချိုသာတဲ့ စကားနဲ့
သားနဲ့ ဘ၀ခြားတဲ့ ကမ္ဘာကို
မေမေမှာလှမ်းရွေ့ကာသွားလေတော့
နွမ်းတမြေ့မြေ့နဲ့
လွမ်းမမေ့ရှာတဲ့သားရင်မှာ
အစဉ်သာ မေမေရှိဆဲ
အမှတ်ရဆဲ စွဲထင်ဆဲပါမေမေရယ် 
                                                      အမှတ်ရဆဲ စွဲထင်ဆဲပါမေမေရယ် ။

No comments:

Post a Comment

နေလင်းဖြိုး(နည်းပညာ)နှင့်ကိုညီလင်းနှိုင်ဖန်တီးပါသည်