ကျွန်တော်ရေးမိသမျှလေးတွေ

Tuesday 2 April 2013

အူတူတူ လူတစ်ယောက်အတွေး


အိမ်တဲ့ နရသိမ်လို
အကြိမ်ကြိမ် အတ္တတွေနဲ့
အရှုပ်တစ်ထောင်နဲ့
သရုပ်ဆောင်ကာ
မလှုပ်နိုင်အောင်
တုပ်နှောင်လို့
အချုပ်အနှောင်ခံနေရတဲ့ အချိန်


စာ တဲ့ အလိမ္မာ စာမှာရှိပေမဲ့
ညာတာတွေ
မကြာမကြာထိ
ငြိငြိနေတာများ
မချိအောင်ခံစား
အမှန်တရားဆိုတာ
ပန်းကန်ပြားတစ်ချပ်လို
မှန်လိုမှန်မှောက်လိုမှောက်
ဖောက်လွဲနေတာလား

ဘ၀ကျောင်းတဲ့ ပညာအကြောင်း
မင်္ဂလာကောင်းခြင်းနဲ့
အသိတံခါးများထွန်းလင်းစေတယ်တဲ့
အငြိတရားလောင်မြိုက်လို့
မသိတရား မှောင်တိုက်မှာ
ပကတိအမှား အကြောင်ရိုက်လို့
အလိုက်တွေလွဲ ၊ အမိုက်တွေမစဲ
အမှားတွေတသဲသဲ
အကွဲကွဲ အပြဲပြဲအတွေးမှားတွေကိုပဲ
အရေးထားလို့
လေးစားနေကြ
လောကတဲ့
အတိတ်ဆိုးနဲ့သူတွေက
ချိတ်ပုဆိုးချပ်ချပ်ယပ်ယပ်
တံဆိပ်အမျိုးမျိုးကပ်လို့
မဟာဂရုဏာရှင် ကယ်တင်သူအသွင်နဲ့
မာယာအထောင်ထောင်နဲ့
အမှန်အရှုပ်ဘ၀ကို
ဟန်လုပ်ကာလမ်းတွေပြ
ရမ်းနေကြတာများ

ကြက်ဆူပင်က
အနှစ်မဲ့တောမှာဘုရင်
ငါ့ကိုဘာထင်ထင်
လာမယှဉ်နဲ့
ရာဇ၀င်ရှိတယ်ဆိုတဲ့
ကြွားလုံးတွေ
မတရားသုံးနေတော့
ငါက ဟားမဆုံးပေါ့ -
ငါကကော -
မတရားအညစ်တွေကို
တအားဟစ်နေတာကြောင့်
တရားအနှစ်ကို စကားမဖွင့်နိုင်ပဲ
လောကကြီးနဲ့ အလာ့ဂျစ်ဖြစ်နေသူ
အူတူတူတစ်ယောက်ပေါ့

No comments:

Post a Comment

နေလင်းဖြိုး(နည်းပညာ)နှင့်ကိုညီလင်းနှိုင်ဖန်တီးပါသည်